ရာသီလာချိန်မှာ ဒါတွေတော့ လုံးဝ (နီးပါး) မလုပ်ကြေး

လစဉ်လတိုင်း အမျိုးသမီးတွေ ကြုံရတဲ့ ရာသီလာချိန်လေးမှာ ပိုပြီး သက်တောင့်သက်သာဖြစ်စေဖို့ “ဒါလေးတွေတော့ ခဏရှောင်ထားရင် ကောင်းမယ်” ဆိုတာလေးတွေ ထပ်ပြောပြချင်ပါတယ်။ အရင်တစ်ခေါက်က ပြောခဲ့တာတွေအပြင်၊ ကျန်းမာရေးအချက်အလက်လေးတွေ ဖတ်ရင်း သိလာတာလေးတွေကို သူငယ်ချင်းလို ပြန်မျှဝေတာပေါ့။ ကဲ… ဘာတွေ ထပ်သတိထားကြမလဲ ကြည့်လိုက်ရအောင်!
၁။ အရသာ ပြင်းတာလေးတွေ၊ သောက်နေကျ တချို့အရာတွေ ခဏနား။
- အငန်ဓာတ်များတဲ့ အစားအစာ: ဟုတ်ပါတယ်။ အငန်ကဲတဲ့ မုန့်တွေ၊ အစားအစာတွေက လေထိုးလေအောင့်တာ၊ ဗိုက်ပွတာကို ပိုဆိုးစေနိုင်လို့ ဒီရက်ပိုင်းလေးမှာ နည်းနည်းလျှော့စားကြည့်ပါ။
- ကော်ဖီ: ကော်ဖီကြိုက်တဲ့ ချစ်တို့အတွက်တော့ နည်းနည်း စိတ်မကောင်းစရာပါ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က တချို့လူတွေမှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေတတ်လို့ လျှော့သောက်တာ ဒါမှမဟုတ် ခဏရှောင်ထားတာက ပိုကောင်းနိုင်ပါတယ်။
- အရက်: ဒါကတော့ ကျန်းမာရေးအရရော၊ ရာသီလာချိန်မှာရော ရှောင်သင့်တဲ့အရာပါ။ သူက ရေဓာတ်ခမ်းခြောက်စေပြီး နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။
- (တချို့ရှောင်ကြတဲ့) နို့နဲ့ နို့ထွက်ပစ္စည်း: တချို့ကတော့ ဒီအချိန်မှာ နို့၊ ဒိန်ချဉ် စတာတွေ သောက်ရင် ဗိုက်ပိုအောင့်တယ်လို့ ဆိုကြပါတယ်။ ကိုယ့်အတွက် အဆင်ပြေလား၊ မပြေလား သတိထားကြည့်ပြီး ရှောင်သင့်ရင် ရှောင်ပေါ့နော်။
အစားထိုးအနေနဲ့: ရေများများ၊ သစ်သီးဖျော်ရည် (အချိုနည်းတာ)၊ ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း (ချင်း၊ ပူစီနံ) လေးတွေ ပြန်သောက်ပေးလို့ရပါတယ်။
၂။ အိပ်ရာထဲမှာပဲ တစ်ချိန်လုံး ကွေးမနေကြေး!
ဟုတ်ပါတယ်၊ ဒီအချိန်မှာ ပင်ပန်းနွမ်းနယ်ပြီး နားချင်စိတ်ဖြစ်တာ သဘာဝပါ။ ဒါပေမယ့် တစ်ချိန်လုံး အိပ်ရာထဲ လှဲနေတာကလည်း သွေးလည်ပတ်မှုအတွက်ရော၊ စိတ်ခံစားမှုအတွက်ပါ သိပ်အဆင်မပြေနိုင်ဘူးတဲ့။ လုံးဝ အလုပ်မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ ပုံမှန် လှုပ်ရှားမှုလေးတွေ လုပ်ပါ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ အကြောလျှော့ လေ့ကျင့်ခန်းလေးတွေ လုပ်တာက နာကျင်တာကို သက်သာစေပြီး လူကို ပိုလန်းဆန်းစေနိုင်ပါသေးတယ်။
၃။ သန့်ရှင်းရေး ဂရုစိုက်ဖို့ မမေ့နဲ့နော်။
ဒါကတော့ အရမ်းအရေးကြီးပါတယ်။
- Pad ကို အချိန်မှန် လဲပါ။ အောက်ခံဂွမ်းထုပ် (Pad) ကို အချိန်ကြာကြီး မထားဘဲ ၄ နာရီ၊ ၆ နာရီခြား တစ်ခါ ဒါမှမဟုတ် လိုအပ်သလို လဲလှယ်ပေးဖို့ မမေ့ပါနဲ့။ ဒါမှ ယားယံတာ၊ ပိုးဝင်တာတွေ မဖြစ်မှာပါ။
- ရေချိုးပါ။ တချို့က ရာသီလာရင် ရေမချိုးရဘူး ထင်ကြတယ်။ တကယ်တော့ ရေချိုးတာက လန်းဆန်းစေပြီး သန့်ရှင်းအာင် ပုံမှန်အတိုင်း ချိုးလို့ရပါတယ်။ (ရေနွေးနွေးလေးနဲ့ ချိုးရင် ပိုလို့တောင် သက်တောင့်သက်သာ ရှိစေနိုင်ပါတယ်)။
၄။ စိတ်ခံစားမှုကိုလည်း ဂရုစိုက်ပါ။
ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်က နည်းနည်း ပိုနုနယ်ပြီး အတက်အကျ မြန်တတ်ပါတယ်။ ဒါကြောင့်…
- ဝမ်းနည်းစရာ ရုပ်ရှင်/သီချင်းတွေ ခဏရှောင်: ကိုယ့်စိတ်ကို ပိုပြီး ထိခိုက်လွယ်စေမယ့်၊ ဝမ်းနည်းအားငယ်စေမယ့် အရာတွေကို ခဏရှောင်ထားတာ ကောင်းပါတယ်။
- ပေါ့ပါးတာလေးတွေ ရွေးကြည့်/နားထောင်: ဟာသကားလေးတွေ ကြည့်တာ၊ စိတ်ချမ်းသာစေမယ့် သီချင်းလေးတွေ နားထောင်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး လုပ်ပေးပါ။
၅။ ကျပ်စည်းနေတဲ့ အဝတ်အစားတွေ ခဏမေ့ထား။
အရင်က ပြောခဲ့သလိုပါပဲ။ Skinny jeans တို့၊ ခါးကြပ်ကြပ် ဘောင်းဘီတို့အစား ပေါ့ပါးချောင်ချိတဲ့ ချည်သားလို အဝတ်အစားတွေ၊ ဂါဝန်ပွပွလေးတွေက အသက်ရှူချောင်စေပြီး ဗိုက်အောင့်တာ၊ ပွတာတွေကို သက်သာစေပါတယ်။
၆။ လိင်ဆက်ဆံမှု?
ဒီကိစ္စကတော့ လူတစ်ယောက်နဲ့တစ်ယောက်၊ စုံတွဲတစ်တွဲနဲ့တစ်တွဲ အပေါ်မှာ မူတည်ပါတယ်။ တချို့အတွက် နာကျင်မှုကို ပိုဆိုးစေနိုင်သလို၊ ပိုးဝင်နိုင်ခြေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကျတော့လည်း ပြဿနာမရှိပါဘူး။ အဓိကက ကိုယ်ရော၊ ကိုယ့်အဖော်ပါ သဘောတူဖို့နဲ့ ကိုယ့်ခန္ဓာကိုယ် သက်တောင့်သက်သာ ရှိဖို့ပါပဲ။ နာကျင်မယ်၊ အဆင်မပြေဘူးလို့ ခံစားရရင် ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
နိဂုံးချုပ်အနေနဲ့…
ကဲ… ဒါတွေကတော့ ရာသီလာချိန်မှာ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်ပြီး သက်တောင့်သက်သာ ဖြတ်သန်းနိုင်ဖို့ ရှောင်သင့်၊ သတိထားသင့်တဲ့ အချက်လေးတွေ ထပ်ပေါင်းထည့်ပေးတာပါပဲ။ အရင်တစ်ခေါက်က ပြောသလိုပါပဲ၊ အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ဖို့၊ သူဘာလိုအပ်နေလဲ သိဖို့နဲ့ ကိုယ့်ကိုယ်ကို ညှာတာဖို့ပါပဲ။
အားလုံးပဲ ဒီရက်လေးတွေကို ကျန်းမာပေါ့ပါးစွာ ဖြတ်သန်းနိုင်ပါစေလို့ ထပ်ဆုတောင်းပေးလိုက်ပါတယ်နော်။ တာ့တာ! ❤️
Comments
Please Login to post a comment.