အိမ်ထောင်ရေးမှာ လိင်မှုဘဝကို ငြီးငွေ့လာပြီလား? ဒီအချက်များကို စမ်းကြည့်ပါ!

အခုတလော ချစ်သူတွေ၊ အိမ်ထောင်သည်တွေဆီက ရင်ဖွင့်သံတွေ တော်တော်ကြားနေရတယ်။ သူတို့ရဲ့ အဓိက ပြဿနာက တွဲတာကြာလာတော့၊ အိမ်ထောင်သက်တမ်းရင့်လာတော့ ကိုယ့်ချစ်သူက လိင်ဆက်ဆံဖို့ကို စိတ်မပါတော့သလို၊ ပျင်းနေသလို ဖြစ်နေတာတဲ့။ အမှန်တော့ အိမ်ထောင်သက်တမ်းကြာလာရင် လိင်မှုဘဝက ရိုးအီသွားတတ်တာ သဘာဝပဲ။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းလို့မရတာတော့ မဟုတ်ဘူး။
အိမ်ထောင်သက်တမ်းကြာလာလို့ လိင်မှုဘဝ ရိုးအီလာတာရဲ့ အကြောင်းအရင်းတွေ
တကယ်တော့ လူတော်တော်များများဟာ လိင်စိတ်ကို လုံးဝမခံစားနိုင်တဲ့ အချိန်တွေ အများကြီးရှိတတ်တယ်။ မွေးကတည်းက လိင်စိတ်မရှိတဲ့သူတွေကို ပြောတာမဟုတ်ဘူးနော်။ လူဆိုတာနဲ့ နေ့စဉ် လုပ်ငန်းခွင်ကိစ္စတွေ၊ မိသားစုအရေးအရာတွေ၊ လူမှုရေးပြဿနာတွေနဲ့ စိတ်ဖိစီးမှုတွေ ကြုံရတတ်တာပဲ။ ဒီလို စိတ်ဖိစီးမှုတွေက လူတစ်ယောက်ရဲ့ လိင်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ ဒုက္ခပေးနိုင်တယ်။
အိမ်ထောင်သက်တမ်းရင့်လာတဲ့ စုံတွဲတွေဆိုရင် ပိုဆိုးတာပေါ့။ စားဝတ်နေရေးအတွက် ပူပင်ရတာ၊ သားသမီးရဲ့ အနာဂတ်ကို တွေးပူရတာ၊ ယောက်ျားက အလုပ်မှာ စိတ်ညစ်ရသလို၊ မိန်းမကလည်း အိမ်မှာ စိတ်ရှုပ်ရတယ်။ နှစ်ယောက်သား ပြန်ဆုံတဲ့အခါကျတော့လည်း စိတ်ညစ်စရာတွေပဲ ပြောနေကြတော့ အေးအေးချမ်းချမ်း မရှိတော့ဘူး။ ဒီလို အခြေအနေမှာ လိင်မှုကိစ္စဆိုတာ နောက်ကို ရောက်သွားတတ်တာ သဘာဝပဲ။ ဒါပေမဲ့ ဒီပြဿနာတွေအားလုံးက ခဏတာဖြစ်ပေါ်လာတဲ့ အရာတွေပါ။
တကယ်တော့ အိမ်ထောင်သက်တမ်းကြာလာလို့ လိင်ဆက်ဆံရတာ ရိုးအီသွားဖို့ မလိုဘူး။ အပေါ်မှာ ပြောခဲ့တဲ့ ပြဿနာတွေက လူတိုင်း ကြုံတွေ့နေရတာမှန်ပေမဲ့ အမြဲတမ်း လိင်စိတ်ပျောက်သွားရလောက်တဲ့အထိတော့ မဟုတ်ဘူး။ အထူးသဖြင့် နှစ်ယောက်သား ကြာကြာတွဲလာတဲ့အခါ ကိုယ့်အဖော်က ဘာကိုကြိုက်လဲ၊ ဘာကိုမကြိုက်ဘူးလဲ၊ ဘယ်လိုအနေအထားမျိုးမှာ အဆင်ပြေလဲဆိုတာ အသားကျနေပြီလေ။ ဒါကြောင့် ရိုးသွားဖို့၊ အခက်တွေ့ဖို့ဆိုတာ မရှိသလောက်ပဲ။ ပိုပြီးတောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အသစ်အဆန်းတွေကို ဖန်တီးလို့ရနိုင်တယ်။
လိင်ဆက်ဆံရမှာ စိတ်မပါတော့တဲ့အခါ ဘာလုပ်ကြမလဲ
၁။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေသလား စဉ်းစားပါ။ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေနိုင်လားဆိုတာ အရင်ဆုံး သတိထားကြည့်ပါ။ စိတ်ဖိစီးမှုများလာရင် လိင်ဆက်ဆံချင်စိတ် နည်းသွားတတ်တာ သဘာဝပဲ။ ဒါကြောင့် ဘာတွေခံစားနေရလဲဆိုတာ သိအောင်မေးမြန်းပြီး အားပေးနှစ်သိမ့်မှုတွေ ပေးပါ။
၂။ ကိုယ့်ဘက်က လစ်ဟာမှု ရှိခဲ့သလား ပြန်ဆန်းစစ်ပါ။ တစ်ခါတလေ ကိုယ့်အိမ်ထောင်ဖက်က စိတ်ထဲမှာ မကျေနပ်တာတွေ ရှိပေမဲ့ ဖွင့်မပြောဘဲ ထားတတ်တယ်။ ဒါက မေ့သွားတာမဟုတ်ဘူး၊ ခဏ ဖုံးထားလိုက်တာနဲ့ တူတယ်။ နောက်ပြဿနာတစ်ခု ပေါ်လာရင် အရင်က မကျေနပ်တာတွေပါ ပေါင်းပြီး ပိုဆိုးသွားနိုင်တယ်။ အလုပ်များလို့ ဂရုမစိုက်တာ၊ အရင်လို ကြင်နာတဲ့စကားတွေ မပြောတော့တာ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတာတွေက ကြာလာရင် လိင်မှုဘဝကို ထိခိုက်စေနိုင်တယ်။
၃။ ရေရှည်သံယောဇဉ်ပဲ ကျန်တော့တာလား ဆန်းစစ်ပါ။ အတူနေစုံတွဲတွေဆိုရင် ပိုသတိထားရမယ်။ တချို့စုံတွဲတွေက ချစ်လို့ပေါင်းတာမဟုတ်ဘဲ အချိန်ကြာလာလို့ မပြတ်ချင်တော့ဘဲ လက်ကျန်သံယောဇဉ်နဲ့ ဆက်နေကြတာမျိုးတွေ ရှိတယ်။ တကယ်လို့ ကိုယ့်ရဲ့ ဆက်ဆံရေးက ဒီလိုအခြေအနေမျိုး ရောက်နေပြီဆိုရင် လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ သိပ်မထူးဆန်းတော့ဘူး။
၄။ သူငယ်ချင်းလို၊ မိသားစုလို ဖြစ်သွားပြီလား ပြန်သုံးသပ်ပါ။ တချို့စုံတွဲတွေက အတူနေတာကြာလာတော့ အချစ်တွေလျော့သွားပြီး ပုံမှန်အတူနေတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလို ဖြစ်သွားတတ်တယ်။ ဒီလိုအခြေအနေမှာ လိင်ဆက်ဆံဖို့ကို သိပ်အာရုံမစိုက်တော့ဘူး။ တခါတလေ လိင်ဆက်ဆံချင်စိတ်ပေါ်လာရင်တောင် ကိုယ့်အဖော်နဲ့မဟုတ်ဘဲ တခြားသူနဲ့ ပြောင်းပြီး ဆက်ဆံချင်စိတ် ဖြစ်လာတတ်တယ်။
စိတ်မပါတော့တဲ့ ချစ်သူကို ဘယ်လို ပြန်ဆွဲဆောင်မလဲ
၁။ အတင်းအကျပ် မတိုက်တွန်းပါနဲ့။ လိင်ဆက်ဆံဖို့အတွက် အတင်းတောင်းဆိုတာထက် အရင်က ချစ်စခင်စကလို ညင်ညင်သာသာ ပြန်ချဉ်းကပ်ပါ။
၂။ ချစ်စရာကောင်းတဲ့ အပြုအမူတွေ လုပ်ပေးပါ။ လက်ဆောင်လေးတွေ ဝယ်ပေးတာ၊ ချိုသာတဲ့ စကားလေးတွေ ပြောတာ၊ အတူတူ လျှောက်လည်တာ၊ ခရီးအတူသွားတာမျိုးတွေ များများလုပ်ပါ။
၃။ ချီးကျူးစကားတွေ ပြောပေးပါ။ ကိုယ့်အပေါ် အမြဲကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ရတာအတွက် ကျေးဇူးတင်ကြောင်းပြောပါ။ ချစ်ကြောင်းပြောပါ။ တန်ဖိုးထားကြောင်း ပြသပါ။
၄။ အချိန်ပေးပါ။ ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ချစ်သူအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။
၅။ ညဘက်ဆို စကားပြောပါ။ ဘာမှမပြောဘဲ ကိုယ့်ဘာသာ အရင်အိပ်မသွားပါနဲ့။
၆။ အပြစ်မတင်ပါနဲ့။ အပြစ်မြင်တာ၊ လိုအပ်ချက်တွေကို ဖိနှိပ်ပြောဆိုတာ၊ အားနည်းချက်ကို ထောက်ပြတာတွေက ဆက်ဆံရေးကို တိုစေနိုင်တယ်။
အသေးအမွှားကိစ္စလေးတွေကို ဂရုမစိုက်ဘဲ မထားပါနဲ့။ လျစ်လျူရှုထားတဲ့ ကိစ္စလေးတွေက တစ်ချိန်မှာ အိမ်ထောင်ရေးနဲ့ ချစ်သူကို ထိခိုက်စေနိုင်တယ်။ အမြဲတမ်း သတိရပြီး ချစ်သူကို တန်ဖိုးထားပါ။
Comments
Please Login to post a comment.