ရာသီပေါ်ဆေး ထိုးဖို့ တကယ်လိုအပ်ပါသလား?
.png)
ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးခန်းမှာ မကြာခဏ ကြုံရတဲ့ အကြောင်းအရာလေးတစ်ခုကို ဒီနေ့ ဝေမျှချင်ပါတယ်။ "ဒီလ ရာသီမလာသေးလို့ ရာသီပေါ်ဆေး ထိုးပေးပါ" ဆိုတဲ့ တောင်းဆိုမှုပါပဲ။ အမျိုးသမီးတွေက ရာသီနဲ့ပတ်သက်ရင် အစွဲအလမ်းကြီးကြတာ သဘာဝပါပဲ။ ရာသီမလာရင် ကိုယ်ဝန်ရှိနေပြီလား? ရာသီလာမှ ကျန်းမာရေး ကောင်းမှာလား? စတဲ့ စိုးရိမ်မှုတွေ ရှိကြပါတယ်။
ရာသီပေါ်ဆေးဆိုတာ ဘာလဲ?
ရာသီပေါ်ဆေးဆိုတာ ပရိုဂျက်စတုန်း (progesterone) ကို ထိုးဆေး သို့မဟုတ် သောက်ဆေးအနေနဲ့ ပေးတာဖြစ်ပြီး progesterone challenge test လို့လည်း ခေါ်ပါတယ်။ ဒီဆေးက ရာသီပေါ်စေရုံသာမက ရောဂါရှာဖွေရေးအတွက်လည်း အသုံးဝင်ပါတယ်။
ပုံမှန်အားဖြင့် ပရိုဂျက်စတုန်းသောက်ဆေးကို ၅-၁၀ရက်စာ သောက်စေတာ သို့မဟုတ် အသားဆေးတစ်လုံး ထိုးပေးပြီး ၂ရက်ကနေ ၁ပတ်အတွင်း ရာသီလာသလို သွေးဆင်းစေတာပါ။ ဒီနည်းလမ်းက သားဥမကြွေလို့ ရာသီမလာတဲ့သူတွေ၊ PCOS လိုရောဂါရှိတဲ့သူတွေမှာ အသုံးဝင်ပါတယ်။
ဆေးထိုးပြီးတာတောင် သွေးမဆင်းရင်ရော?
ဆေးထိုးပြီးတာတောင် သွေးမဆင်းရင် အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်:
- ကိုယ်ဝန်ရှိနေတာ
- အီစထရိုဂျင်နည်းလွန်းနေတာ
- သားအိမ်နံရံမှာ အမာရွတ်ရှိနေတာ
- မိန်းမကိုယ်လမ်းကြောင်းမှာ အမာရွတ်ရှိနေတာ
- သားဥအိမ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တာ
ရာသီပေါ်ဆေးနဲ့ သဘာဝရာသီလာတာ ဘာကွာလဲ?
ဟော်မုန်းကို ပေးပြီး ရပ်လိုက်တဲ့အခါ ထူနေတဲ့ သားအိမ်နံရံက ကွာကျသွားတဲ့အတွက် ရာသီလာသလို သွေးဆင်းတာဖြစ်ပါတယ်။ သဘာဝအတိုင်း ရာသီလာတာကတော့ ရာသီစက်ဝန်းမှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်၊ သားဥကြွေ၊ သားဥလေး မျိုးမအောင်တဲ့အခါ ရာသီသွေးဆင်းတာပါ။
သဘောတရားချင်း ဆင်တူပေမယ့် သဘာဝအတိုင်းလာတာနဲ့ ဆေးနဲ့ဖြစ်စေတာ ကွာခြားပါတယ်။
ကိုယ်ဝန်ရှိနေရင်ရော ဘာဖြစ်မလဲ?
စိတ်ချပါ! ပရိုဂျက်စတုန်းက ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝအတိုင်း ထွက်တတ်တဲ့ ဟော်မုန်းဖြစ်တာကြောင့် ကိုယ်ဝန်ကို မထိခိုက်စေပါဘူး။ ကိုယ်ဝန်ရှိမှန်းမသိဘဲ ရာသီပေါ်ဆေး ထိုးမိလည်း ပြဿနာမရှိပါ။
တချို့က ကိုယ်ဝန်ပျက်ကျချင်လို့ ရာသီပေါ်ဆေး လာထိုးကြပေမယ့် ဒါက ကိုယ်ဝန်ပျက်ဆေး မဟုတ်ပါဘူး။ ကိုယ်ဝန်အပေါ် ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ပါ။
ရာသီပေါ်ဆေး မဖြစ်မနေ ထိုးဖို့လိုပါသလား?
အဖြေက "မလိုပါဘူး" ပါ။ ရာသီမလာရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပြီး တစ်လတလေ ရာသီမလာတာက ပုံမှန်ဖြစ်တတ်ပါတယ်။
လိင်ဆက်ဆံမှုရှိခဲ့ပြီး ရာသီမလာရင် ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်မရှိဘူးဆိုရင် စိတ်အေးလက်အေးနေပါ။ ရာသီထိမ်ရတဲ့ အကြောင်းရင်းအများစုက စိတ်ဖိစီးမှုကြောင့် သားဥမကြွေဘဲ ရာသီမလာတာဖြစ်ပါတယ်။ စိတ်ဖိစီးမှုသက်သာသွားရင် ရာသီပြန်လာတတ်ပါတယ်။
နှစ်လဆက်တိုက် မလာဘူး၊ ခဏခဏ ရာသီမမှန်တာမျိုးဖြစ်ရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဟော်မုန်းမမှန်လို့ဆိုရင် ဟော်မုန်းထိန်းညှိဆေးတွေ ပေးပါလိမ့်မယ်။
အနှစ်ချုပ်ရရင်...
တစ်လလောက် ရာသီမလာတာနဲ့ ရာသီပေါ်ဆေး ထိုးစရာမလိုပါ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်တာကြောင့် တစ်လလောက် မလာလည်း ကိစ္စမရှိပါဘူး။ သွေးဆင်းစရာမရှိလို့ မလာတာပါ။ ရာသီမလာတိုင်း ပေါ်ဆေးထိုးတာက အဖြေမဟုတ်ပါဘူး။
ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာဖွေတာက ပိုမိုသင့်တော်ပါတယ်။
Comments
Please Login to post a comment.